Wednesday, March 8, 2017

နာကျင်ခြင်း

ရွာတယ်..ထစ်ချူန်းမှန်းမသိထစ်ချူန်းနေလည်း
နှလုံးသားမှာ နာတယ်..
ဒဏ်ရာတွေအမြစ်တွယ်
ရင်မှာ ငြိတွယ်ခဲ့သမျှအရာအားလုံး
ခါးတယ်။

ပင်စည်မရှိခဲ့တဲ့ အမြစ်တစ်ခုကိုတွယ်ဖက်
အစိမ်းကြွေခဲ့ရတဲ့ ရွက်သစ်ခြောက်
ပုံပျက်ပန်းပျက်ဖြစ်လိုက်ပုံများ
သမုဒ္ဒရာရေတောင်တွေ ခမ်းခြောက်ခဲ့ရတဲ့အဖြစ်။

မင့်လက်နဲ့ ငြိခဲ့သမျှ
အရာအားလုံးကို မုန်းတယ်ဆိုရင်
ဆံချည်မျှင်သွေးကြောထုံး
နှလုံးသွေးစသမျှ..အရာအားလုံးမှောင်မိုက်ခဲ့တာ
အဆန်းတကြယ်ဖြစ်စရာကိုမရှိ။

ကြမ်းတယ်..ဂန္ဓ၀င်မမြှောက်တဲ့
အချစ်ချော့တေးမှာ ဆိုလိုတွေရိုက်စရာမလိုပါဘူး
အလွမ်းကိုခြွေမှာတော့ အချစ်ကိုသေစေတာ
ဆားမပါတဲ့ ဟင်းလို့ ပေါ့ပျက်ပျက်လဲဖြစ်နိုင်ချေမရှိဘူး။

ကျနော့ရဲ့အချစ် ချူပ်ငြိမ်းနိုင်ဖို့ 
ဘယ်ဥပက္ခာတရားကိုမှ အဖော်ခေါ်ဖို့ မလိုပါဘူး
တကယ်မရှိခဲ့နှလုံးတစ်စုံ
မြတ်နိုးမူတွေ ကင်းမဲ့နေတဲ့ မျက်ဝန်းတစ်စုံ
အဲဒီလောက်ပေါ့.
.အဲဒီလောက်ရှိနေယုံနဲ့ ကမ်းခဲ့တဲ့ချစ်ခြင်းတစ်စုံကို
အလွမ်းနဲ့ ခြွေလို့  ကျနော့နှလုံးသားကို
ရာသက်ပန်အနားပေးလိုက်တော့မယ် ဆိုတာ (ယုံ)

♥♥♥ကဗျာရိ့ပ်♥♥♥
July,25,2013

ဖက်တွယ်ခြင်း

လမိုက်ညမှာတေးဆိုတတ်တဲ့ ငှက်ငယ်လေးရေ
တွန်ကြူးသံရဲ့ အနက်အဓိပါယ်ကြားမှာ
လွဲချော်မူတွေ နဲ့ အခါခါလွဲနေရလို့ 
စိတ်ဓါတ်တွေ ခြေမခိုင် ယိုင်လုလုဖြစ်နေခဲ့ပြီလား။

ဒီတစ်ညရဲ့ နှလုံးသားစစ်တူရင်ကစားပွဲမှာ
နယ်ရုပ်လေးတွေ မျက်ရည်ရွှဲ
အမုန်းကာရံတွေ အိပ်စက်ဖို့ 
အပင်ထက်ကငှက်ငယ် အပျံသင်ဖို့ မလိုအပ်ပါဘူး။

ငါက အိမ်မက်တွေကိုထုဆစ်နိုင်တဲ့
ဖန်ဆင်းရှင်မဟုတ်ခဲ့ပါဘူး
ဒါပေမဲ့လေ.. နင့်အတွက်နဲ့ ပတ်သတ်လာရင်တော့
အချစ်တစ်ခုကို ထုဆစ်
နှလုံးသားကိုရင်းနှီးထားနိုင်ပါတယ်ချစ်သူ....။

သိပ်တော့မချမ်းသာပါချစ်သူ.ဒါပေမဲ့လေ
ဂုဏ်ပကာသန မဖက်တဲ့ အချစ်တွေက
နင့်အတွက်ဆို ပေါပေါများများပေးထားနိုင်ပါတယ်။

အစွန်းနှစ်ဖက်ကြား မာနတရားတွေက
ချစ်သူနှစ်ဦးကို ခွဲရန်ရည်စူးနေခဲ့တာ
နင်သိသလို ငါလည်းသိခဲ့တယ်
ဖြစ်တည်မူ့ တိုင်းရဲ့ အနှစ်သာရတွေ
မှားမှန်းမသိ မှားလို့ 
အချစ်တွေ အမုန်းဇာတ်သွင်းရတော့မယ်ဆိုရင်တောင်
ငါလေ.... အချစ်ရဲ့ အစွန်းအဖျားမှာ ခဏလောက်တော့
ဖက်တွယ်ပါရစေ.. ပလိစ်..ကျေးဇူးပြုပြီ.ခဏလေးပါချစ်သူ

မေတ္တာတုနဲ့

"ဤသို့ သော်......အချစ်သည်"
ငါ့ရဲ့သမိုင်းမှာ လွမ်းချင်းတွေ အမြဲငိုနေတယ်
နင်ရဲ့သမိုင်းမှာတော့ အချစ်တွေအမြဲလိုပုံနေတယ်.
နေမထိတဲ့ပန်းလေး အရောင်နွမ်းသွားချိန်ရောက်မှ
နင်အပြန်ခက်မယ်ဆို ငါလည်စင်းပေးပါ့မယ် ချစ်သူ....

မေတ္တာမပါတဲ့ ဒီသံသရာ တစ်ဖက်မှာ
နေ၀င်ချိန်ကို မက်မောစွာတောင်းတရင်းနဲ့ 
ဆည်းဆာချိန်ကို မျှော်လွမ်းရတာ
တိမ်တွေတောင် ပြိုတော့မယ်ချစ်သူ......
ရင်ဘတ်ချင်းအငြိမှာ
ကြွေလွှင့်သွားတဲ့ ငါ့နှလုံးသားက
သိက္ခာပျက် မေတ္တာငတ်ဘ၀နဲ့ 
အဆုံးစီရင်ဖို့ ကြိုးစားရင်း
အချစ်မရှိတဲ့ နွံထဲမှာ အမှတ်မရှိသလိုနဲ့ 
အကြိမ်ကြိမ်အခါခါလည်း မှားမိပြန်တယ်.......
အမှန်တော့ ချစ်သူရယ်
အသွားအပြန်မရှိတဲ့လမ်းမှာ
ငါ့နှလုံးသားလေး တိတ်တိတ်လေး နားနေသင့်ခဲ့ပြီ......
ဤသို့ သော် အချစ်သည်....
ပျက်လွယ်သဘော သိလွယ်ဇောနဲ့ 
မေတ္တာတု နဲ့ ဝေးပါရစေ

အခြားတစ်ဖက်

အချစ်ဆိုတဲ့ အရာကို ခေါင်းစဉ်အမျိုးမျိုးတပ်
တစ်ခြားတစ်ရောက်ရင်တဲ့ဖူးပွင့်ခိုင်းရအောင်
အငှားအတုရင်ဘတ်နဲ့ အသက်ရှင်နေတာမှမဟုတ်ခဲ့တာ။

အချစ်ပန်းခင်းတစ်ခင်းပျိုးလို့ 
နေအရောင်အဟပ်ကိုစောင့်မျှော်ရင်း
ငါချစ်သလို နင်မချစ်လာတဲ့အခါ
ခုန်လာတဲ့ နှလုံးခုန်သံ
အလိုအလျောက် အသံတိတ်စက်နဲ့ 
ရပ်ခိုင်းထားလိုက်ချင်ခဲ့တယ်။

အရုပ်ကြိုးပြတ်နဲ့  ဘ၀ကိုကျောခိုင်း
စည်းစည်းကားကားကျင်းပနေခဲ့တဲ့
နင့်ရဲ့ ဘတ်ဒေးပါတီ..
မဆိုင်မဆီ တွေ့ မိတာက
အဲဒီညက လမှသာခဲ့ရလား။

ဟုတ်တယ် ..အဲလိုအလွဲတွေနဲ့ 
ပျော်ပိုက်နေတဲ့ အချစ်တစ်ခုရဲ့ ဆုံမှတ်ကိုရှာရင်း
စင်္ကြ၀ဋ္ဌာကြီးရဲ့ ရယ်မောသံတစ်ချက်ကိုကြားလိုက်ရတယ်
ဘာသာဘာဝ တစ်ခုရဲ့ကြား
လှလှ ခြယ်မှုန်းထားတဲ့ မျက်ကပ်မှန်မှာ
နင်မသိနိုင်ခဲ့တဲ့ အချစ်တစ်ခုကို
ထွန်းညို့ ထားခဲ့ဘူးတယ် ဆိုပေမဲ့....

သခင်လိုရာဆုကိုတောင်းနိုင်ဖို့ 
ကြယ်ကြွေပေးရမယ်ဆို
ဟောဒီကမ္ဘာကြီး.မပျက်သုန်းဖို့ 
ကျနော့ရဲ့ အချစ်တွေနဲ့ အတူဖြန့် ကျက်လို့ ထားပေးလိုက်ချင်တယ်..
ဆိုပေမဲ့..လည်း.
ကျနော်တို့ရဲ့ နှစ်ယောက်ရဲ့အချစ်တွေကတော့
မဆုံနိုင်တော့တဲ့ Infinity တစ်ဖက်တစ်ချက်မှာပေါ့။

♥♥♥ကဗျာရိပ်♥♥♥
Juny,29,2013

အမုန်းဝဋ်ကြွေး

ချစ်ရသူရေ.......
ရပ်စောင့်နေခဲ့တယ်
နင့်မရှိတဲ့ သစ်ပင်အို
နင်မသိတဲ့ မှတ်တိုင်
နင်မချစ်တဲ့ အဆွေးတစ်စနဲ့ အတူ..........

တွေဝေခဲ့ဘူးတယ်........
နင်အတ္တနဲ့ ဆေးခြယ်
အရောင်မပြယ်တဲ့ စုတ်ချက်တွေကို
အမုန်းသံနှောခဲ့တဲ့ အချစ်အသံလေးတစ်ခုနဲ့ အတူ..........
ငိုကြွေးခဲ့ဘူးတယ်....
နှစ်ချို့ ပြက္ခဒိန်ဟောင်းရဲ့ အမှတ်တရ များစွာက
တိုးတိုးတိတ်တိတ်ငြီးငြူပြီ.
ခြေသံပျောက်လမ်းပျောက် ဘ၀တွေနဲ့ အတူ........
ထိုနည်းတူစွာ.......
အငိုမျက်လုံး အပြုံးတစ်ရာ
ခါးသက်သက်နဲ့ ရက်စက်ပြီ
အရွေ့ မရှိတဲ့ နှင်တံလို
ကူကယ်ရာမဲ့ တဲ့ဘ၀က
လူမြင်ရာမှာ အရှက်ရစေပြီးမှတော့........
ဝေးပါရစေတော့..........အမုန်းတွေနဲ့ အတူ........

အချစ်ကျွံ

အနားသတ်မရှိတဲ့ ကောင်းကင်ယံမှာ
ကျေနပ်မှု့ မရှိတဲ့ အပြုံးတွေကိုကာရန်ပျိုးလို့ 
ကြယ်ကြွေချိန်ကို အခါခါစောင့်မျှော်လို့ နေရစ်ခဲ့တယ်။

ငါ့နှလုံးသားပေါ်မိုးတွေရွာတော့
သစ္စာမရှိတဲ့ အလွမ်းတွေက
အဓိကမကျတဲ့ အချစ်တွေကိုဖောင်ဖွဲ့ ပြီး
လူပိန်း ဆန်ဆန် ပင်လယ်ပြင်ကို ရွက်လွှင့်ဖို့ ကြိုးစားခဲ့တယ်။

အမှတ်တရ မဖြစ်ခဲ့တဲ့
စာကြွင်း စာကျန်တစ်ချို့ အပေါ်မှာ
မင်ပြာတွေ စွန်းပေတော့
နင်မရှိတဲ့ မနက်ခင်းက
လှောင်လို့ လည်း ကြည့်ခဲ့တယ်။

မဖြစ်စလောက်ဆိုရုံနဲ့ 
အသည်းက ဟက်တက်ကွဲရတယ်
ကံစီမံရာမှာ နင်မဝေပဲ
ငါမကြွေခဲ့ရိုးအမှန်ပါ။

လေဟုန်စီးလို့ ခရီးနှင်တာ
အချစ်နွံနစ်ဖို့ ခြေတစ်ဖက်ကျွံခဲ့တာမဟုတ်ပါဘူး
ထောင့်စွန်းမညီတဲ့ ကွပ်လပ်ထဲမှာ
အကြင်နာမဲ့တဲ့ အဖြေတွေကိုထည့်ထည့်နေရတာ
စိတ်ထားတွေ မညီညွတ်ချင်တော့ဘူးချစ်သူ..

တကယ်လို့ များပေါ့....
အမှတ်မရှိခဲ့ဘူးဆိုရင်တောင်
ပါးပါးနပ်နပ် မရှိခဲ့တဲ့ ငါ့အချစ်က
နင့်ရင်ခုန်သံထဲ ခြေတစ်ဖက်ဝင်ရုံသာသာပါချစ်သူ..ရယ်။

♥♥♥ကဗျာရိပ်♥♥♥
July,30,2013

အလွမ်းဖျား

တစ်ခါတရံ အပြင်းဖျားတတ်တဲ့အလွမ်းတွေက
အချစ်နဲ့ စစ်ကိုအနိုင်ယူလို့ 
ဝေေ၀ဆာဆာ ပွင့်လန်းနေခဲ့ကြတယ်။

တစ်နွယ်ငင်ခဲ့ပေမဲ့
တော်ဝင်ပန်းတော့မဟုတ်ခဲ့ဘူးရှင်
ရင်မှာသီသောကြိုးတွေက
အစဉ်အလာဆိုတဲ့ ဝေါဟာရ နယ်ပယ်မှာကျက်စားရင်း
အချစ်ဆိုတဲ့အရသာကို
မြည်းစမ်းကြည့်ဖို့ တောလည်ထွက်ခဲ့ရုံသက်သက်ပါ။

မျိုသိပ်ဖုံးကွယ်မူတွေရဲ့အောက်မှာ
အလွမ်းမြေဇာပင်တွေပျော်မြူးလို့ 
သားချော့တေးတစ်ပုဒ်နဲ့ အတူ
နယ်လွန်အိမ်မက်တွေကို တူးဆွလို့ နေခဲ့ဘူးတယ်။

ချစ်သူရဲ့မေတ္တာတရားတွေ မိုးခေါင်တော့
ကျနော့ရဲ့အချစ်တွေထစ်ချူန်းပေးခဲ့တယ်
အငိုတိတ်ဖို့ မိုးညို့ ပေးစရာမလိုသလို
အလွမ်းရာသီတွေ ကောက်ကြောင်းမဲ့ဖို့ 
ချစ်သူတေးတစ်ပုဒ်ဆိုစရာလည်းမလိုတော့ပါဘူး။

ကျနော်သာဖန်ဆင်းရှင်ဆိုရင်ပေါ့
လိုတရတဲ့ အလွမ်းတွေကို
မေခလာတောင်ခြေရင်းမှာ မှေးစက်
ကြီးကျယ်ခမ်းနားစွာ ချော့သိပ်ခဲ့မိမှာပါ။

♥♥♥ကဗျာရိပ်♥♥♥
August,1,2013